Tuesday, August 9, 2011

“ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ”

“ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ”

(ဒဂုန်တာရာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။

၂ဝ၁၁ ခုနှစ်မှစ၍ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ များပြားပြင်းထန်နေသည့်အတွက် အသက်များစွာ ဆုံးရှုံးနေရကြောင်း၊ သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ မြန်မာပြည်ပိုင် ပစ္စည်းများသာ ဖြစ်ခြင်းကြောင့်
ပြည်သူအများက ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။

ယင်းပန်ကြားလွှာကို ရန်ကုန်မြို့ရှိ မိတ်ဆွေတဦးမှတဆင့် နီးစပ်သူများကို ဖြန့်ဝေခဲ့သည်ဟု သိရသည်။

ဦးဌေးမြိုင် ခေါ် ဆရာကြီး ဒဂုန်တာရာမှာ ၁၉၅၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးကောင်စီ”နှင့် ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ” အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ သဘာပတိ အဖြစ် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက်ကြရန် အတွက်လည်း ငြိမ်းချမ်းရေး ပန်ကြားလွှာမှတဆင့် အသက် ၉၃ နှစ်အရွယ် ငြိမ်းချမ်းရေးစာရေးဆရာကြီးက တိုက်တွန်းထားသည်။

မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

--------------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ အနေနဲ့ အနယ်နယ် အရပ်ရပ်ကနေ ပါဝင်လုပ်ဆောင်ကြဖို့ ပန်ကြားလွှာ ထုတ်တယ် သိရပါတယ်ဗျ။ ဘယ်နေ့ကများ ထုတ်ခဲ့တာပါလဲ။

“ဟုတ်ပါတယ်။ ဘယ်နေ့ကလဲဆိုတာတော့ ပြန်စဉ်းစားမှ ရတော့မယ်ဗျ။ အကြာဆုံး ၄ ရက်ပဲ။ ရန်ကုန်မှာလည်း
ဝေတယ်။ ကျနော့်လူတယောက် ရှိတယ်လေ။ ဦးလှမောင်ဆိုတာ မုံရွာက လူ။ သူက တဆင့် နီးစပ်ရာကို ဝေတာ”


အခု ထုတ်ပြန်ချက်ထဲမှာကော ဘယ်အချက်တွေကို ထည့်သွင်းဖော်ပြထားလဲ။

“ငြိမ်းချမ်းရေးလုပ်ကြဖို့ တိုက်တွန်းထားတာပါ။ ကျနော်က ကိုယ်ရေးတာတွေ ကိုယ် မမှတ်မိဘူးဗျ။ “လူမသေ
ပြည်မပျက်” ဆိုတဲ့ စကားလေး ကျနော် လုပ်ချင်တယ်ဗျ။ အဲဒါ လူတွေ အများသဘောပေါက်အောင် လုပ်ချင်တယ်။ အခက်အခဲက ရှိလာရင် ရမယ်။ ရတော့ ရမှာပါ။ ငြိမ်းချမ်းရေး ရတော့မယ်။ ကျနော် မျှော်လင့်တာပေါ့ဗျာ”

ddy

ဆရာကြီး ဒဂုန်တာရာအား ဒူးထောက်စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၂ ရက် ၂ဝ၁၁ ခုနှစ် သခင်သိန်းမောင်၏ မွေးနေ့ပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)
မြန်မာပြည်က ဒီလို ပန်ကြားလွှာထုတ်ဖို့ လိုအပ်နေပြီလားခင်ဗျ။

“ငြိမ်းချမ်းရေးပျက်ပြီလေ။ ဒီ စစ်သားတွေ အာဏာ အတင်းယူတာဗျ။ သူတို့ လုပ်တဲ့ရွေးကောက်ပွဲ (၂ဝ၁ဝ) ကို သူတို့တပ်က လုပ်တာလေ။ စစ်တပ်အစိုးရ တက်နေပြီလေ။ အရင်ဆုံး ငြိမ်းချမ်းရေးလုပ်သင့်တဲ့ အခါကျတော့ အဲဒီဟာကို တင်လိုက်တာပဲ။ တင်တော့ ပထမတော့ လက်ခံချင်မှ လက်ခံမှာပဲ။ သူတို့က မုန်းတဲ့စိတ်တွေ များပုံရတယ်။ ကျနော်က မုန်းပါဆိုတောင် မုန်းလို့မရလို့ ခက်နေတာ”

“အခုက ကျနော်တို့ နိုင်ငံမှာ ဗမာ၊ ဗမာလို့ ခေါ်နေတဲ့ ဗမာ့တပ်မတော် ပေါ့ဗျာ။ ကချင်တို့၊ ချင်းတို့၊ ကရင်တို့၊ မွန်တို့၊ ရှမ်းတို့၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်ဖြစ်နေကြတယ်။ ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ။ အဲဒါ သိပ်မကောင်းဘူး။ ဘာလို့ဆိုတော့ သူက မုန်းတဲ့စိတ်ပါတယ်။ ဟို တဖက်ကတော့ မမုန်းဘူး။ အစိုးရဘက်က လူ၊ စစ်သားတွေကတော့ မုန်းမှာပါ။ မုန်းပုံ ရတယ် ကြည့်ရတာ”


မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လောက်ထိ
လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး
မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု
စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်း တဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့လူတွေက တော်တော် သေတာပဲ
ဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာ
ပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ
ဆိုးဝါးနေတယ်လို့ ထင်မြင်ထားပါသလဲ။

“ပြည်တွင်းစစ်က လူတွေ ထိခိုက်တယ်ဗျ။ သူက ပြန့်သွားရင် စားတဲ့သောက်တဲ့နေရာတွေမှာ ထိခိုက်တယ်။ ကျန်းမာရေး ထိခိုက်တယ်။ အသက်တိုတာပေါ့ဗျာ။ အဲဒီလို ဖြစ်မှာစိုးလို့ပါ။ ခင်ဗျားတို့ကို တကယ်အားကိုးတာ။ ခင်ဗျားတို့က လုပ်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ လုပ်လည်း လုပ်နိုင်တယ်။ လုပ်လည်း လုပ်တတ်တဲ့သူတွေ။ ခင်ဗျားတို့ အသက်ရှည်လေလေ
ငြိမ်းချမ်းရေး ရနိုင်လေပဲ။ ငြိမ်းချမ်းရေးရနိုင်လေ တိုင်းပြည်က ကောင်းလေပဲ။ ငြိမ်းချမ်းရေးမရရင် ဘာမှ လုပ်လို့
မရဘူး”

“ဒီစစ်သမားတွေကလည်း သူတို့မှာလည်း သူတို့ပဲ။ တွယ်စရာ မရှိဘူးလေ။ သူတို့ သနားပါတယ်။ ရှမ်းစကားလို
ပြောရင် တွယ်စရာက ကိုရီးယား (ဇာတ်ကား) ပဲ ရှိတယ်”

“ကျနော်က ငြိမ်းချမ်းရေး၊ အေးဆေး နေချင်တာဗျ။ ကျနော့်ကို ဆန့်ကျင်တဲ့သူတွေက “ရန်သူမရှိဆိုတာ” ကို မကြိုက်တဲ့သူ ရှိတယ်လေ။ အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေပါပြီ။ တဝက်တော့ ထောက်ခံနေပြီ။ ကျနော့်ကို ထောက်ခံတယ်ဆိုရင် သူတို့က ဂုဏ်ရှိတယ်လို့ ထင်ပုံမရဘူးဗျ။ ကျနော်တွေးတဲ့ အတွေးပါ။ အဲဒီတော့
အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေကြပြီ”

“အခု တော်တော်များများ ငြိမ်းချမ်းရေးစကား ပြောကြပြီ။ တကမ္ဘာလုံး ပြောကြတယ် ငြိမ်းချမ်းရေးစကားက။
လုပ်တာ၊ မလုပ်တာကတော့ မပြောလိုဘူးလေ။ တချို့က ပါးစပ်ပြောပေမယ့် လုပ်တာက တလွဲဗျ။ ငြိမ်းချမ်းရေး လုပ်တာမဟုတ်ဘူး။ ကျနော် ထင်တယ် နောက်လာမယ့် လှုပ်ရှားမှုက ငြိမ်းချမ်းရေးလှုပ်ရှားမှုပဲ”


လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအတွက် ငြိမ်းချမ်းရေးက ဘယ်လောက်တောင် အရေးကြီးနေလို့
မြင်ပါသလဲ။

“အရေးကြီးတာပေါ့။ သိပ်အရေးကြီးတာပေါ့။ မြန်မာပြည်မှာ ညှိနှိုင်းရေးက တပ်ကလူတွေ အာဏာမသိမ်းခင် အထိကတော့ သိပ်ကောင်းတယ်။ အခြေအနေက။ မြန်မာပြည်သူတွေက ပြောသာပြောတာ မုန်းတတ်တဲ့ စိတ် သိပ်မရှိဘူး။ အကုန် လူကောင်းတွေဗျ။ လူကောင်း၊ လူရိုး၊ အေးဆေးနေတဲ့ လူမျိုးတွေပဲ။ ငြိမ်းချမ်းရေးကို လုပ်ချင်ပေမယ့်လို့ အတင်းဖမ်းတယ်။ ဖမ်းတော့လည်း အတင်းရိုက်ဖမ်းတာဗျ။ အဲဒါ မလုပ်ရဘူးဗျ”

“ဒီ တိုက်တဲ့ခိုက်တဲ့စိတ်ပေါ့ဗျာ။ သူတို့က အခု ထင်နေတာက လက်နက်ကိုင်တဲ့သူတွေက လက်နက်နဲ့ လုပ်ရင်
ရမယ် ထင်နေတာ။ မရဘူး။ လက်နက်နဲ့ မရဘူး။ ကမ္ဘာမှာကို အခု ပိုဆိုးနေတယ်။ ကျနော်တော့ အဲဒီလို ဆိုးတယ်လို့ မြင်တာပဲ။ မြန်မာပြည်မှာလည်း ဆိုးတယ်။ အရှေ့အလယ်ပိုင်းတွေမှာလည်း ဆိုးတယ်”


ထုတ်ပြတ်ချက်မှာ “ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်” ဆိုတာကကော ဘာကို ရည်ညွှန်းချင်တာလဲ။

“အဲဒါ မေတ္တာဆိုတာ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့အခြေခံပဲဗျ။ မေတ္တာက တော်တော်လေးနက်တယ်လို့ ယူဆ တယ်။ မေတ္တာထားရင်၊ မေတ္တာဓာတ် ကြီးကျယ်လာလေ၊ ခိုင်မာလာလေ ငြိမ်းချမ်းရေး နီးစပ်လေပဲ။ ဒါမှ ငြိမ်းချမ်ရေးလုပ်ကြမှာ”


စစ်ပွဲမှာပါဝင်နေတဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကိုကော ငြိမ်းချမ်းရေးအတွက် ဘာပြောချင်လဲ။

“အမှာကတော့ ငြိမ်းချမ်းရေးလုပ်ကြပါပဲ ပြောရမှာပဲလေ။ ဒီစကား ရိုးရိုးစကားပဲ။ တကယ်လုပ်ရင် ရတယ်”

“ဘာလို့ဆို လက်နက်သုံးရင် တဘက်ကလည်း လက်နက်
နယ်ခြားစောင့်တပ် ဆိုတာ စစ်အင်အား၊ လက်နက် အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်
သုံးနိုင်တဲ့အခွင့်ရှိတာပဲ။ ကျနော်က မျှော်လင့်ချက်တောင် သိပ်မထားချင်ဘူး။ အခု တော်တော်စုတ်ပြတ်နေပြီ။
မြန်မာပြည်က တော်တော် ပျက်သွားပြီ။ လူတွေ လည်း
အခု ကျနော်နေတဲ့နေရာလေ ရှမ်းပြည်။ တောက လူတွေ သနားပါတယ်ဗျာ။ စိုက်တော့ မဖြစ်ဘူး။ ဈေးတွေကလည်း တက်သထက် တက်နေတာ”

“လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့ လူတွေက တော်တော် သေတာပဲဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာ ပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ”


ပြည်သူထဲက ဘယ်လိုလူတွေကိုကော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားလဲ။

“ငြိမ်းချမ်းရေးက ခင်ဗျားတို့ လုပ်ရင် ရတယ်။ ခင်ဗျားတို့အရွယ် (အသက် ၃ဝ ဝန်းကျင်) တွေက ဖျက်လတ်
တယ်ဗျာ။ ကျနော် အဲဒီအရွယ်ကတည်းက ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က မလုပ်တတ် ဘူးဗျ။ လှုပ်ရှားမှုထဲမှာ ပါတော့ ပါဖူးတယ်။ ပါတာက စကားအဖြစ်နဲ့သာ ပါတာ။ ကိုယ်တိုင်လုပ်တဲ့၊ စည်းရုံးတဲ့အချက် သိပ်မရှိဘူး။ လုပ်နိုင်လောက်တဲ့ အတွေ့အကြုံမရှိတဲ့ပုဂ္ဂိုလ်လို့ပဲ ကိုယ်တိုင် ဝန်ခံမိတယ်”

“လူငယ်ဆိုတာ ဖြတ်လတ်တယ်။ အတွေးကလည်း သန်တယ်ဗျ။ အတွေး မှန်တယ်။ ခင်ဗျားတို့ မလိမ်ဘူး။ ခင်ဗျားတို့ကို ကျနော် သိတယ်။ ခင်ဗျားတို့အရွယ်တွေက လိမ်တဲ့ဟာ မရှိဘူး။ လုပ်စမ်းပါ။ ကျနော် ဝမ်းသာ
ပါတယ်။ ၃ဝ ကျော်ဆိုတော့ တအားဖြစ်တယ်။ ကျနော်တို့က ကြီးပြီ၊ မလုပ်နိုင်ဘူးဗျ။ ကြီးလာတယ် ဆိုတော့ စိတ်အားနဲ့ မဆိုင်ဘူး၊ ရုပ်အားနဲ့ ဆိုင်မယ် ထင်တယ်။ ကျနော် ထင်တာလေ။ ရုပ်အားက သိပ်မကောင်းဘူး။
ကျနော် ကိုယ့်ကိုကိုယ် အားမရဘူးဗျ။ အတွေးအခေါ်ကတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ လုပ်တဲ့အခါကျတော့ ခင်ဗျားတို့လောက်တော့ ဖြတ်လတ်မှာ မဟုတ်ဘူး။ အဲဒါကို ပြောချင်တာပါ”

“ခင်ဗျားတို့က ဖြတ်လတ်တယ်။ လုပ်အားလည်း ရှိတယ်။ နောက် စိတ်က ခိုင်တယ်။ ခိုင်ခိုင်မာမာ ရှိတယ်။ မပြောင်းဘူး။ တခုခု စွဲမြဲသွားရင် မပြောင်းတော့ဘူး။ ခင်ဗျားတို့ လုပ်ရင် ရမယ်။ ကျနော် အားပေးချင်တယ်”


ထပ်ပြီး ဖြည့်စွတ်ပြောချင်တာ ရှိပါသေးလား။

“နယ်ခြားစောင့်တပ်ဆိုတာ စစ်အင်အား၊ လက်နက်အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်။ မူရင်းကတော့ အဲဒါပဲ။ ခင်ဗျားတို့ သဘောပေါက်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ အကောင်းဆုံးပဲ”

Monday, May 16, 2011

ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ် မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက်
ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
ddy
၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။

သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း
မြောက်တယ်လို့ မထင်ဘူး
၉၃ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားသည်။

ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။

“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”

အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။

“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”

မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။

“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်း
ရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။

“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။

“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”

အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။

“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့
ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက်
ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”

အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။

“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း
မြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”

စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။

“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။

လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်
“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။

“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”

၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့
ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”

ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”

တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။

“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”

ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။

“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့
စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”

ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။

“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။
ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်း
နှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။

“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင်
ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”

ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။

အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး
ပြင်းထန်ရင် ရရမယ်
“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။
ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”

မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။

‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’

မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။

“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်း
တွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”

မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။

“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း
တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”

Friday, December 17, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခန်း
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၄ မိနစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူစည်ကားလှသော သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် မဇ္ဈိမသတင်းထောက် Thea Forbes က နိုဝင်ဘာ ၂၉ ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် လူချင်း တွေ့ဆုံမေးမြန်းခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ရှေ့လုပ်ငန်းစဉ်၊ ပိတ်ဆို့ အရေးယူမှုမှသည် စစ်အစိုးရ စီမံကိန်းများပေါ်အမြင်တို့ကို မေးမြန်းထားသည်။

နိုဝင်ဘာလ ၁၃ ရက်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မဇ္ဈိမက ဒုတိယအကြိမ် မေးမြန်းခြင်း ဖြစ်သည်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် မေးဖြေထားသည်ကို ဘာသာပြန်ထားပါသည်။

မေး- နိုဝင်ဘာ ၁၄ ရက်က လူထုကို မိန့်ခွန်းပြောတဲ့နေရာမှာ ရှင့်အဖေရဲ့ ဆိုင်းဘုတ်အကြီးကြီး ချိတ်ထားတာ တွေ့ပါတယ်။ ဒီတော့ လွတ်လပ်ရေးသူရဲကောင်း ရှင့်အဖေနဲ့ မျိုးရိုးဆက်နွယ်မှု ရှိနေတာဟာ ရှင့်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

ဖြေ - ဒါသိပ်အရေးကြီးပါတယ်၊ ဒါကျမနဲ့ ကျမအဖေ မျိုးရိုးဆက်နွယ်မှုရှိလို့ မဟုတ်ပါဘူး။ ဒီလိုမစဉ်းစားပါနဲ့၊ ဒါအဖေနဲ့ပဲ ဆိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးသမား ရှားပါးနေတဲ့ ခုအချိန်မှာ လူတွေက သူ့အပေါ် ယုံကြည်မှုရှိနေကြတာက အဓိကပါ။ ဒါကြောင့်လူတွေက ကျမအဖေကို သိပ်ချစ်ခင်ကြတယ်။ သူသာ အသက်ရှင်နေရင် သူတို့မှီခိုအားထားနိုင်တဲ့ ခေါင်းဆောင်လို့ ထင်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း ၁
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း



မေး - ရှင်နဲ့ရှင်ရဲ့ပါတီက ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ ပြောထားတယ်နော်။

ဖြေ - မဟုတ်ပါဘူး၊ ကျမတို့က ဒါကိုလုပ်ဖို့ တာဝန်ယူလိုက်တာပါ။ ဒါကိုစပြီး ဆောင်ရွက်တာ တိုင်းရင်းသား ပါတီတွေပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခြေလှမ်းမဟုတ်ပါဘူး။ ကျမတို့ပါတီက ဒါကိုထောက်ခံခဲ့တာသာ ဖြစ်ပါတယ်။

မေး - ဒီလို ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးမှာ စစ်တပ်ပါဝင်မှု ဘယ်လောက် အရေးကြီးတယ်လို့ ထင်ပါသလဲ။

မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့ အသံတွေကို နားထောင်ဖို့လိုတယ်။
ဖြေ - ဒုတိယ ပင်လုံညီလာခံ ကျင်းပရတဲ့ အကြောင်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေး ဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ။

မေး - ဒီလိုဆို တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူညီမျှမှုရနိုင်မယ့် အနာဂတ် မြန်မာပြည် ထူထောင်နိုင်မယ့် အချိန်ကို မျှော်မှန်းကြည့်နိုင်ပါသလား။

ဖြေ - မျှော်မှန်းနိုင်တာပေါ့၊ ဒါကျမတို့ သွားနေတဲ့ ရည်မှန်းချက်ပဲ။

မေး - ပထမပင်လုံညီလာခံကို စစ်တပ်က တိုင်းပြည်ပြိုကွဲရေးအတွက် ပထမခြေလှမ်းလို့ ယူဆခဲ့တယ်မဟုတ်လား။

winnationday17ဖြေ - ပထမပင်လုံညီလာခံဟာ တိုင်းပြည်ပြိုကွဲရေးအတွက် ပထမခြေလှမ်းလို့ စစ်တပ်က ပြောခဲ့ဖူးတယ်လို့ ကျမမထင်ပါဘူး။ ရှင်ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတယ်ဆိုတာ ကျမသိချင်လိုက်တာ။

မေး - ကျမထင်တာ တိုင်းရင်းသားလူမျိုးစုတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးအတွက် သန္နိဋ္ဌာန် ချထားကြတာ၊ ဒီတော့ နိုင်ငံတော်က သူတို့ကိုမြင်လာတာက -

ဖြေ - ပထမ ပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်က တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသား လူမျိုးစုအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ရေး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်သူမှ သဘောထား ကွဲပြားမှု မရှိခဲ့ပါဘူး။

မေး - ခုလို ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး ညီညွတ်ရေးရအောင်လုပ်တဲ့အခါ စစ်တပ်က ပါဝင် ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ - ညီညွတ်ရေးအတွက်ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့အသံတွေကို နားထောင်ဖို့လိုတယ်။ ဒီလိုနားထောင်မှ သူတို့ဘာလိုချင်တယ်၊ သူတို့မျှော်မှန်းချက်တွေကဘာ၊ သူတို့မျှော်လင့် ချက်တွေကဘာ၊ သူတို့ဘာကို စိုးရိမ်ကြတယ် ဆိုတာတွေ သိလာမှာဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေး ဆိုတာအတွက် အခြေခံ အုတ်မြစ်ကိုချနိုင်မှာဖြစ်ပါတယ်။

မေး - ဒီလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ရှင်နဲ့ရှင်ရဲ့ပါတီက အပြင်းအထန် ရှုတ်ချ ကန့်ကွက်ခဲ့တယ်နော်။ ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပြီး စစ်အစိုးရနဲ့ ဆက်သွယ်မှုမရှိဘဲ အနိုင်ရခဲ့တဲ့ ပါတီတွေနဲ့ ပါတီဝင်တွေကို ရှင်ဘာများ ပြောချင်ပါသလဲ။ ဒီချုပ်က `အတုအယောင် ရွေးကောက်ပွဲ´ လို့ပြောထားတဲ့ ရွေးကောက်ပွဲမှာ သူတို့အနိုင်ရထားတဲ့ အမတ်နေရာအချို့ဟာ အလုပ်ဖြစ်မယ့် အလားအလာရှိမယ်လို့ ရှင်ထင်ပါသလား။

ဖြေ - ဒါကတော့ သူတို့ရဲ့ ရွေးချယ်မှုပါပဲ၊ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေလို့ ရှင်ပြောတော့ ဒီလိုပါတီတွေက အများကြီးပါ၊ ဒီတော့သူတို့မှာလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထားတွေ ရှိကြမှာပါ။ ဒါကိုတော့ ရှင်သူတို့ကိုပဲ မေးရမယ်လို့ ကျမထင်ပါတယ်။ ကျမတို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည် မရှိလို့ပါ။ ရွေးကောက်ပွဲ ဥပဒေတွေဟာ လွတ်လပ်မျှတတယ်လို့ ကျမတို့မထင်လို့ပါ။ ထောင်ထဲမှာရှိနေတဲ့ ကျမတို့ရဲ့ ရဲဘော်တွေကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲ ဝင်ရတယ် ဆိုတာမျိုး ကျမတို့ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့မှာလဲ သူတို့အကြောင်းနဲ့ သူတို့ ရှိမှာပေါ့။ ကျမတို့ကလဲ ဒါတွေကြောင့်ပဲ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့သူတွေ အတွက်တော့ ဒီပွဲမှာ သူတို့အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ သူတို့ဖာသာပဲ ထုတ်ဖော်ပြောရမှာ ဖြစ်ပါတယ်။

မေး - နောက်တကြိမ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ တောင်းဆိုနိုင်မယ့် အခွင့်အရေး ဒီချုပ် ရလိမ့်မယ်လို့ ထင်ပါသလား။

winnationday19ဖြေ - ကျမတို့က နောက်တကြိမ် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီလို ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးဖို့အတွက် တောင်းဆိုဖို့ စိတ်ဝင်စားတယ် ဆိုတာလဲ ကျမတို့ဘယ်တုံးကမှ မပြောခဲ့ပါဘူး။ ဒီမေးခွန်းကတော့ တော်တော့်ကို အချိန်မတန်သေးတဲ့ မေးခွန်းပဲလို့ ကျမထင်ပါတယ်။

မေး - ပညာရေးဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် အလွန် အဓိကကျတဲ့ လုပ်ငန်းလို့ နိုဝင်ဘာ ၁၄ က လူထုကို မိန့်ခွန်းပြောတဲ့နေရာမှာ ရှင် ထည့်ပြောသွားတယ်။ ဒီပညာရေးလို လုပ်ငန်းမျိုးဟာ ရှင်နဲ့ရှင်တို့ပါတီအတွက် အစိုးရနဲ့ပူးပေါင်း လုပ်နိုင်မယ့် စင်မြင့်တရပ်လို့ ရှင်ထင်ပါသလား။

ဖြေ - လူထုအတွက် တကယ်ကိုအကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး တခြားဘာဘဲဖြစ်ဖြစ် ကျမတို့ ဘယ်သူမဆို လူတိုင်းနဲ့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်း ဆောင်ရွက်လိုပါတယ်။

မေး - စစ်အစိုးရက ဒီချုပ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်မယ့် အချိန်ကို ရှင်မျှော်မှန်းကြည့်လို့ ရပါသလား။

ဖြေ - ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်အစိုးရ ဆုံးဖြတ်ရမယ့်အချိန် မုချ ရောက်လာလိမ့်မယ်လို့ ကျမထင်ပါတယ်။

မေး - မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ တောင်းဆို တင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ ရပ်တည်ချက်အပေါ်မှာ ကျမတို့ သိပ်မရှင်းဘူး။ ဒီလိုစုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ရှင်က မလိုလားဘူးလို့ပြောတာဟာ မျှတမှု ရှိပါ့မလား။

ဖြေ - ကျမဒါမျိုးတခုမှ မပြောခဲ့ပါဘူး။ နယူးယောက်တိုင်းမ် သတင်းစာမှာပါတဲ့ ဆောင်းပါးကို ရှင်ပြောနေတာ ထင်ပါတယ်။ ကျမအဲဒီမှာ ပြောခဲ့တာက ဗိုလ်ချုပ်ကြီးတွေကို ရုံးတင်စစ်ဆေးဖို့ ကျမတခါမှ မတောင်းဆိုခဲ့ဖူးဘူးလို့ ပြောခဲ့တာပါ။ ဒါဟာ ဟိုဆေးကင်တားနားရဲ့ အဆိုပြု တင်ပြချက်တွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ ဒါလုံးလုံးကွဲပြားခြားနားတဲ့ သီးသန့်ကိစ္စ နှစ်ခုပါ။

မေး - အနာဂတ်မြန်မာပြည်မှာ တာဝန်ခံတဲ့စနစ်ကို ဘယ်လို သွတ်သွင်းနိုင်မယ်လို့ ရှင်ထင်ပါသလဲ။

ဖြေ - အစိုးရ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ကို ကျမတို့ အမြဲတမ်းပြောနေ တောင်းဆိုနေခဲ့တာပါ။ အစိုးရအုပ်ချုပ်မှု စနစ်ကောင်းဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ ဒါကျမတို့ ဆွေးနွေးရမယ့်ကိစ္စတချို့ပါ။ ဒီမိုကရေစီ အစိုးရတရပ် တက်လာရင် သူတို့ကို အရေးယူမှာလားလို့ စစ်တပ်က စိုးရိမ်နေတဲ့အကြောင်း လူတွေက ပြောကြပါတယ်။ သူတို့ လုပ်ခဲ့တာတွေအတွက် ပေးဆပ်ရမှာပေါ့ ဆိုတာမျိုးတွေလဲ ပြောကြပါတယ်။ ဒါပေမဲ့ ဒါတွေက ရော်ရမ်းမှန်းဆ ပြောတာတွေပါ။ ခုလိုစိုးရိမ်မှုတွေ ရှိနေတာကြောင့်ပဲ တယောက်နဲ့တယောက် တွေ့ပြီး စကားပြောဖို့ လိုတာပေါ့။ ကျမတို့တိုင်းပြည်အတွက် တကယ်တမ်း ဘာတွေလိုချင်တယ် ဆိုတာ တွေ့ဆုံ ရှာဖွေဖို့ လိုတာပေါ့။

မေး - ဒီလိုဆို စစ်တပ်နဲ့ ဒီချုပ်ကြားမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးရေးဟာ ဒီအချိန်မှာ အရေးအကြီးဆုံးလို့ ရှင်ပြောချင်တာလား။

ဖြေ - ဟုတ်တာပေါ့၊ အတူတကွ လက်တွဲလုပ်ဆောင်ချင်တဲ့ ဘက်နှစ်ဘက်အနေနဲ့ တယောက်နဲ့တယောက် တဖက်ဖက်ကစပြီး စကားပြောဖို့ဟာ အရေးအကြီးဆုံးကိစ္စ မဖြစ်သင့်ဘူးလား။

မေး - ဟုတ်ကဲ့ပါ၊ ဒါကိုကော တကယ်လက်တွေ့ ကျတယ်လို့ ရှင်ထင်ပါသလား။

ဖြေ - ဘာလို့ လက်တွေ့မကျရမှာလဲ၊ လူတွေက ပြောကြတယ်၊ ရှင်တို့ဘက်က တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ပြောလာတာကြာပြီ။ နအဖ ဘက်ကဘာမှ မတုံ့ပြန်ဘူး။ ဒါကို ခုအထိ ပြောနေတုန်းပဲလားလို့ ပြောကြတယ်။ လူသားမျိုးနွယ် တရပ်အနေနဲ့ ဘာမှတိုးတက်မှုမရှိဘူးလို့ လူတွေစိတ်ထဲ ခံစားမိပါသလား။ ဒါဆို လူသားရဲ့ အစကို ကျမတို့ ပြန်သွားကြရလိမ့်မယ်။ ဒီတုန်းက လူဝံတွေက ပြောမှာပေါ့။ မင်းတို့က ဘာလို့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်ပြီး လမ်းလျှောက်ဖို့ ကြိုးစားနေရတာလဲလို့။ မင်းတို့ဘယ်တော့မှ ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ ပြောမှာပေါ့။ ခုကြည့် ကျမတို့လူသားတွေ မတ်မတ် ရပ်နိုင်နေပြီလေ။

မေး- ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင့်၊ ဒီနေ့ကာလမှာ မြန်မာလူငယ်တွေ ဒီချုပ်နဲ့ နိုင်ငံရေးကို ချဉ်းကပ်ပုံအပေါ် ရှင်ဘယ်လိုခံစားရပါသလဲ။

ဖြေ - လွန်ခဲ့တဲ့ ၇ နှစ်ကထက်စာရင် လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လာတာကို ကျမကိုယ်တိုင် တွေ့မြင်ရပါတယ်။ အပြောင်းအလဲအတွက် လုပ်ကိုင်တဲ့နေရာမှာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့လိုတယ် ဆိုတာ ဒီလူငယ်တွေကောင်းကောင်း သဘောပေါက်နေတယ်လို့ ကျမတော့ ထင်ပါတယ်။ သူတို့ကိုယ်တိုင် မပါဘဲ ဘေးကနေ အသာထိုင်စောင့်ကြည့်နေပြီး အပြောင်းအလဲ တရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ သူတို့ မထင်တော့ပါဘူး။ ဒါသိပ်ကို ကောင်းတဲ့အချက်ပါ။ သိပ်ကောင်းတဲ့ အပြောင်းအလဲပါ။

မေး - မီဒီယာ လွတ်လပ်ခွင့်အတွက်၊ အင်တာနက် လွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုတွေ တိုးမြှင့် ဆောင်ရွက်လာလိမ့်မယ်လို့ကော ရှင်ထင်ပါသလား။

ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပ ပေးဖို့အတွက် တောင်းဆိုဖို့ စိတ်ဝင်စား တယ် ဆိုတာလဲ ကျမတို့ဘယ်တုံးကမှ မပြောခဲ့ပါဘူး။
ဖြေ - သူတို့ဒီလိုအမြဲတမ်း ကြိုးစားနေခဲ့တာဘဲ မဟုတ်ဘူးလား။ ဂျာနယ်သစ်တွေ အများကြီး မြန်မာပြည်မှာ ထွက်လာကြတယ် မဟုတ်လား။ သူတို့ဂျာနယ်တွေမှာ ကျမဓာတ်ပုံတွေ ပါလို့ဆိုပြီး ပြဿနာ တက်ကြတယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ဆက်ကြိုးပမ်း အားထုတ်နေကြတာပါပဲ၊ ဒါကောင်းတဲ့ကိစ္စပါ။ ဒါရှေ့တဆင့်တ က်ဖို့အတွက် ကောင်းတဲ့ခြေလှမ်းပါ။

မေး - ဒီချုပ်ထဲကို လူငယ်အဖွဲ့ဝင်တွေ များများဝင်လာဖို့၊ အရေးပါတဲ့ သြဇာရှိတဲ့နေရာတွေမှာ ဝင်ယူဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်လို့ကော ရှင်ထင်ပါသလား။

ဖြေ - အို ရှိတာပေါ့၊ ဒါကိုကျမတို့ ခုကိုပဲ စလုပ်နေပါပြီ။ တာဝန်ရှိတဲ့ ရာထူးတာဝန်တွေမှာ လူငယ် အများအပြား ဝင်လုပ်နေပါပြီ။ ဖြူဖြူသင်း အကြောင်း ရှင်ကြားပြီးပြီ ထင်ပါတယ်။ သူကငယ်ပါသေးတယ် ဒါပေမဲ့ ကျမတို့ ပါတီရဲ့ ဗဟိုကော်မတီဝင်ပါ။ HIV ဝေဒနာရှင်တွေအတွက် ဂေဟာကို သူလုံးဝ တာဝန်ယူထားတာပါ။ ကျမတို့က ကျမတို့တတ်နိုင်တဲ့ အကူအညီကိုပဲ ပေးတာပါ။ ဒီဂေဟာမှာ ဖြစ်ပျက်သမျှနဲ့ ပတ်သက်ပြီး အရာရာဆုံးဖြတ်ခွင့်ကို သူ့ကိုပဲပေးထားတာပါ။

မေး - ရှင်အကျယ်ချုပ် ကျခံနေရတုန်းမှာ ကမ္ဘာ့မီဒီယာတွေကို ရှင်တစုံတရာ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ တွေ့ဆုံ စကားပြောဖို့ကျတော့ အများကြီးအကန့်အသတ်တွေ ရှိနေပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့ ရှင့်တဦးချင်းအနေနဲ့ ဘာများပြောချင်ပါသလဲ။ အခုရှင်က လူထုရဲ့မြင်ကွင်းမှာ ရောက်နေပြီလေ။ အာရုံစိုက်ခံရသူတယောက် ဖြစ်နေပြီဆိုတော့။

ဖြေ - ဟုတ်ကဲ့၊ ပထမဆုံး ကျမပြောချင်တာက လူတော်တော်များများနဲ့ ကျမ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောနိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိသမျှလူတိုင်းနဲ့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ပါတီတချို့ကိုတော့ တွေ့နိုင်ခဲ့ပါတယ်။ ဒီမနက်ဆို ကျမ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ တွေ့တယ်။ ပြီးတော့ မီဒီယာက တဆင့်လဲ လူထုနဲ့ထိတွေ့ခွင့်ရပါတယ်။

မေး - နိုင်ငံခြား အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ စစ်အစိုးရကြားက စီးပွားရေး အဆက်အဆံတွေ သဘောတူညီချက်တွေ အပေါ်မှာ ရှင်ရဲ့ ရပ်တည်ချက်က ဘယ်လိုပါလဲ။

ဖြေ - ဒါကတော့ ရှိနေတဲ့ ကန်ထရိုက်စာချုပ် တခုချင်းအပေါ်မှာ တည်နေတယ်လို့ ကျမ ထင်ပါတယ်၊ မဟုတ်ဘူးလား။ ကျမတို့က ဥပဒေစိုးမိုးမှုကို ယုံကြည်ပါတယ်။ ကျမတို့ ဘာဘဲလုပ်လုပ် ဥပဒေစိုးမိုးမှုကို လေးစား လိုက်နာဆောင်ရွက်သွားမှာပါ။

မေး - သဘာဝ သယံဇာတ ရောင်းချမှုက ရလာတဲ့ ဝင်ငွေတွေကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပြည်လည် အသုံးချနိုင်ဖို့အတွက် ဘာအပြောင်းအလဲတွေ လုပ်နိုင်လိမ့်မယ်လို့ ရှင်ထင်ပါသလဲ။

ဖြေ - တကယ်တမ်းရှိနေတဲ့ စီးပွားရေး စာချုပ်တွေထက် စာရင် ဒီကိစ္စက တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုဆိုတဲ့ ကိစ္စတွေနဲ့ ပိုဆိုင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရစနစ်တရပ်မှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ ကျမတို့ ပြောနေတာပေါ့။ ဒီလိုမရှိလို့ပဲ ဒီငွေတွေ ဘာလုပ်ပစ်လိုက်တယ်ဆိုတာ လူထုက မသိရတာပေါ့။ ဒါကြောင့် ဒီငွေတွေကို တိုင်းပြည်တခုလုံးနဲ့ ခြုံပြီး ပိုအကျိုးရှိရှိသုံးဖို့ကို ကျမတို့ ဘာမှမလုပ်နိုင်တာပေါ့။

မေး - ဒါဆိုရင် စစ်အစိုးရနဲ့နိုင်ငံတကာ ကုမ္ပဏီတွေအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ရပ်ဆိုင်းထားဖို့ ရှင်က အကြံပြုမှာလား။ ဒါမှမဟုတ် လုံးလုံး ရပ်ဆိုင်းပစ်လိုက်ဖို့ ပြောမှာလား။

ဖြေ - မဟုတ်ပါဘူး၊ စာချုပ်တွေကို ရပ်ဆိုင်းထားဖို့တို့၊ ရပ်တန့်ပစ်လိုက်ဖို့တို့ဆိုတာ ကျမတို့ တခါမှ မပြောဖူးပါဘူး။ ကျမတို့အမြဲပြောခဲ့တာက ဘာစာချုပ်တွေပဲချုပ်ချုပ် ပြည်သူလူထုအတွက် အကျိုးကျေးဇူးရှိဖို့၊ လုပ်ငန်းမှာ အကျိုးအမြတ်ရဖို့၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ကိုပါ။

မေး - ဒါဆို ဒီလိုဖြစ်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ ဘယ်လိုမျိုး လုပ်ဖို့လိုတယ်လို့ ရှင်ထင်ပါသလဲ။

ဖြေ - ဒါက ပိုမိုကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ပေါက်ရေး လှုပ်ရှားမှုကြီး တခုလုံးနဲ့ ဆိုင်ပါတယ်။ မဟုတ်ဘူးလား။ ဒါတွေကို တခုချင်း ခွဲထုတ်ပြီး စဉ်းစားလို့မရဘူး။ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ အခြေအနေတရပ်ကို ဓာတ်ငွေ့စာချုပ်လို ဟာလေးတခုထဲနဲ့ ကွက်ပြီး ပြောလို့မရဘူး။

မေး - ဟုတ်ကဲ့ရှင့် ဒါဆို ဥပမာအားဖြင့်ပြောရရင် မြန်မာနိုင်ငံမှာရှိနေတဲ့ မြေယာသိမ်းယူမှု ကိစ္စတွေကိုရောရှင့်။ အနာဂတ် မြန်မာပြည်မှာ မြေယာ၊ အိမ်ယာ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်လိမ့်မယ်လို့ကော ရှင်ထင်ပါသလား။

ဖြေ - ဟုတ်တာပေါ့၊ ဒါ ဥပဒေစိုးမိုးမှုနဲ့ မဆိုင်ဘူးလား၊ ဘာလို့လဲဆို တချို့မြေသိမ်းတဲ့ ကိစ္စတွေက တည်ဆဲ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး သိမ်းတာ။ ဒါတွေကြောင့်ဘဲ ကျမတို့က ဥပဒေစိုးမိုးမှုကိစ္စတွေကို ရေးကြီးခွင်ကျယ်လုပ် ပြောနေရတာ။ တရားဥပဒေ စိုးမိုးမှုကိစ္စကို အလေးထား ပြောနေရတာ။ ဒီလို မြေသိမ်းခံရတဲ့ သူတွေအတွက် လက်တွေ့ ကူညီနိုင်တာ မှန်သမျှကို ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ပေးသွားမှာပါ။ အခမဲ့ ဥပဒေ အကျိုးဆောင်မှုတွေ ပေးသွားမှာပါ။

မေး - အိုဘားမားအစိုးရက မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်တာနဲ့ ထိတွေ့ဆက်ဆံတာ နှစ်ခုလုံးကို အတူလုပ်သွားမယ်လို့ ပြောလိုက်တော့ ရှင့်ကို ထောက်ခံသူ အများအပြားက ဝိုင်းဝန်း ရှုတ်ချခဲ့ကြတယ်။ ဒီတော့ အရင်ထက်စာရင် ဒီချုပ်နဲ့ဝါရှင်တန် အစိုးရတို့အကြား ဆက်ဆံရေးက ပိုမိုတင်းမာလာတယ်လို့ ရှင်မထင်ဘူးလား။

winnationday18ဖြေ - ကျမ တဦးချင်းအနေနဲ့တော့ ဒီလိုမခံစားရပါဘူး၊ ဘာလို့လဲဆို ကျမက ထိတွေ့ ဆက်ဆံမှု မူဝါဒကို ယုံကြည်တာကိုး။ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ကျမထင်ပါတယ်။ အိုဘားမားအစိုးရက စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ထိတွေ့ဆက်ဆံမှုကို အတူတကွ ကျင့်သုံးသွားမယ်လို့ စပြောကတည်းက ကျမဒါကို လုံးလုံးသဘောတူပါတယ် ပြောခဲ့တာဘဲ။ ဒါပေမဲ့ ကျမတို့ကိုလဲ တန်းတူရည်တူ ထိတွေ့ ဆက်ဆံရမယ်လို့ ပြောခဲ့တာဘဲ။

မေး - ဟုတ်ကဲ့၊ ဒါဆို အခုလို အမေရိကန်နိုင်ငံက သူတို့အမေရိကန် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးလာတာကိုရော ရှင်ဘယ်လိုခံစားရပါသလဲ။

ဖြေ - ဟာ ဒါကတော့ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ပဲ ဆိုင်တာပေါ့။ ထိတွေ့ဆက်ဆံရေးနဲ့ ဆိုင်မှမဆိုင်ဘဲ။

မေး - ဒါဆို သေသေချာချာ သုတေသနလုပ်၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာမျိုးကို ရှင်ထောက်ခံမှာလား။

ဖြေ - ကျမတို့ပြောပြီးပါပြီ၊ ပိတ်ဆို့ဒဏ်ခတ်မှု ကိစ္စရပ်ကြီး တခုလုံးကို ကျမတို့ ပြန်သုံးသပ်မှာပါ။ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ၊ ဒဏ်ခတ် ပိတ်ဆို့မှုရဲ့ အကျိုးတွေက ဘာတွေလဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုပေါ် စီးပွားရေး အမြင်နဲ့ နိုင်ငံရေးအမြင် ဒါတွေရှိပါတယ် ပြန်သုံးသပ်သွားမှာပါ။ ကျမတို့ အခါအားလျော်စွာ လုပ်ခဲ့တဲ့အတိုင်းဘဲ ဒဏ်ခတ်ပိတ်ဆို့မှု အခြေအနေ တရပ်လုံးကိုလဲ ပြန်လည် သုံးသပ်သွားမှာပါ။ ပြည်သူလူထုကို ထိခိုက်စေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိရင် ဒါတွေကိုဖယ်ရှားရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ နအဖကို ကျမတို့ လွန်ခဲ့တဲ့ တနှစ်လောက်က ကမ်းလှမ်း ပြောဆိုခဲ့ဖူးတာလဲ ရှင်သတိထားမိမှာပါ။ ဒီတော့ဒါဟာ မူဝါဒအသစ် မဟုတ်ပါဘူး။ ဒီလိုမူဝါဒတွေ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အခါအားလျော်စွာ ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ ဟာက ကျမတို့ အမြဲတမ်း ကိုင်စွဲထားတဲ့ မူဝါဒပါ။ ဒါကိုကျမတို့လုပ်မှာပါ။

မေး - မကြာသေးခင်ကပေါ်ပေါက်ခဲ့တဲ့ စစ်အစိုးရရဲ့ အနုမြူ ရည်မှန်းချက်တွေကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာရှိမယ့် အနုမြူစွမ်းအင်နဲ့ အနုမြူ ဓာတ်အား ထုတ်လုပ်မှုအပေါ် ရှင်ရဲ့ရပ် တည်ချက်က ဘယ်လိုပါလဲ။

ဖြေ - အနုမြူအပြောင်းအလဲလို ကိစ္စမျိုးတွေကို ကျမတို့စပြီး မကိုင်တွယ်ခင် အခုထက်ပိုပြီး ကျမတို့မှာ စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိဘို့လိုတယ်လို့ ကျမထင်ပါတယ်။ ဘာလို့လဲဆို ဒီလိုကိစ္စမျိုးက လုံခြုံမှုရှိဖို့တို့၊ လုံခြုံရေးအရ ကြိုတင်သတိပြုရမယ့် အချက်တို့၊ စွမ်းဆောင်ရည် မြင့်မားဖို့တို့ အများကြီးလိုတာကိုး။ ဒါကြောင့် ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ဆိုတဲ့ ဘူတာပဲ ပြန်ဆိုက်တာဘဲ။ ပွင့်လင်းမြင်သာမှုသာ မရှိရင် ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျမတို့တကယ်ပဲ သိမှာမဟုတ်ဘူး။ အနုမြူ ဓာတ်အားပေး စက်ရုံအကြီးကြီးတခု ဆောက်နေသလား မဆောက်နေဘူးလား ဆိုတာလဲ ကျမတို့မသိရဘူး။ ကျမတို့ ဘာမှကိုမသိတာ၊ လူထုက ဘာမှကို မသိတာ။

မေး - ဒါဆို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့အတွက် ပွင့်လင်းမြင်သာတဲ့ တရားဥပဒေ စနစ်တရပ် လိုအပ်တယ်လို့ကော ရှင်ထင်ပါသလား။ ဒီလိုစနစ်တရပ် ထူထောင်ဖို့အတွက် စစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ကော ရှင်ထင်ပါသလား။

ပြည်သူလူထုကို ထိခိုက်စေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိရင် ဒါတွေကို ဖယ်ရှားရေး အတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ နအဖကို ကျမတို့ လွန်ခဲ့တဲ့ တနှစ်လောက် က ကမ်းလှမ်း ပြောဆိုခဲ့ဖူးတာလဲ ရှင် သတိထား မိမှာပါ။
ဖြေ - စစ်အစိုးရဘက်က အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ကိစ္စတွေမှာ အထူး လိုလိုလားလား ရှိနေတယ်လို့ ကျမ မထင်ပါဘူး။ ဒါကြောင့်မို့ ကျမတို့က ဒါတွေကို တောင်းဆိုနေဖို့ မသင့်ဘူးလို့လဲ ကျမ မထင်ပါဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုသာ ရှိနေခဲ့မယ်ဆိုရင် ကျမတို့ဘက်ကလဲ ခုလို ပွင့်လင်းမြင်သာမှုရှိပါ၊ တာဝန်ခံမှုရှိပါလို့ တောင်းဆိုနေစရာ ဘာလိုတော့မှာလဲ။ ဒီတော့ ဒါက စစ်အစိုးရက လိုလားတယ် မလိုလားဘူးဆိုတာနဲ့ မဆိုင်ပါဘူး။ တိုင်းပြည်မှာ ဘာတွေ လိုအပ်နေသလဲဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

မေး - နိုဝင်ဘာလ ၁၄ ရက်နေ့က ရှင်ပြောခဲ့တဲ့မိန့်ခွန်းမှာ အခြားနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက်လဲ ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။ ခုလောလောဆယ် ဒီကိစ္စအတွက် ဒီချုပ်က စလုပ်နေပြီလား။

ဖြေ - နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျမတို့ဘက်က အမြဲတမ်း ကြိုးစားနေခဲ့တာပဲ။ ဒါပေမဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒီချုပ်ဘက်က ဘာတွေလုပ်နေပြီလဲ မေးလာရင်တော့ ဒီလူတွေကိုလွှတ်ဖို့ မလွှတ်ဖို့က ကျမတို့ဘက်က လုပ်ရမှာ မဟုတ်ပါဘူး။ ကျမတို့ဘက်ကလုပ်ရမှာက ဒီလူတွေ အမြန်ဆုံး လွတ်မြောက်လာဖို့ အာဏာပိုင်တွေကို ဖျောင်းဖျ သိမ်းသွင်းနိုင်မယ့် အခြေအနေ တရပ်ကို ဖန်တီးပေးဖို့ပါပဲ။

မေး - ဒါဆို လက်တွေ့အနေနဲ့ပြောရရင် အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ကိစ္စ ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေပြီ အဆင့်သင့်ဖြစ်နေပြီလို့ကော ရှင့်စိတ်ထဲထင်ပါသလား။

ဖြေ - ဟုတ်ကဲ့၊ အရင်တုန်းကတော့ သူတို့ဘက်က ပူးပေါင်း ဆောင်ရွက်လိုပါတယ် ဆိုတဲ့ အရိပ်လက္ခဏာ မပြခဲ့ဖူးပါဘူး။ ဒီလိုဆိုလို့ ဆက်မကြိုးစားသင့်ဘူးလို့လဲ မဟုတ်ပါဘူး။ ဆက်ကြိုးစားနေရမှာပဲ။ သူတို့ဘက်က စိတ်ဝင်စားမှုမရှိလို့ ကျမတို့ဘက်ကလဲ ထပ်မကြိုးစားသင့်ဘူးလို့ ပြောမယ်ဆိုရင်တော့ အစကထဲက ဘာမှ မကြိုးစားသင့်ခဲ့ဘူးလို့ဘဲ ပြောရမလို ဖြစ်နေမှာပေါ့။

အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ် ဇိုမီး တော်လှန်ရေး တပ်မတော် နှင့် တွေ့ဆုံ

အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ် က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူခရိုင်ရှိ မူဗမ်းလိုင် အရပ် အခြေစိုက် ဇိုမီး တော်လှန်ရေး တပ်မတော် တပ်ရင်း ၁၉၃ နှင့် ၂၀၃ ကို ပထမဆုံးအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့က သွားရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

india400

ဒီဇင်ဘာ ၁၅ ရက်နေ့ က ZRO, ZRA အခြေစိုက် မူဗန်းလိုင် စခန်းသို့ရောက်လာသော အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ ချီဒမ်ဘရမ် ကို ZRO တာဝန်ရှိသူတဦးက ဇိုမီး ရိုးရာ အင်္ကျီ လက်ဆောင် ၀တ်ဆင်ပေးနေစဉ်(ဓာတ်ပုံ - tongsan.org)
မိနစ် ၅၀ နီးပါးကြာ ထိုတွေ့ဆုံမှုတွင် ဇိုမီး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆို ကြကြောင်း ဇိုမီး အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒယ်နီက ဆိုသည်။

“သူက ZRO ၊ ZRA အနေနဲ့ ဒေသန္တရ ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးတဲ့အတွက် အသိမှတ်ပြုကြောင်း၊ ဆက်လက်ပြီး လက်တွဲ ကူညီပေးပါဆိုပြီး မေတ္တာရပ်ခံသွားပါတယ်။ ကတိက၀တ်တွေလည်း အများကြီးပေးသွားတယ်။ ကျနော်တို့အတွက် စိတ်ဓာတ်ခွန်အား အများကြီး ရပါတယ်”ဟုလည်း ၎င်းကပြောသည်။

ပြည်ထဲရေးဝန်ကြီး ချီဒမ်ဘရမ်နှင့်အတူ ပြည်နယ်ရဲချုပ်နှင့် ထိပ်တန်းအရာရှိများပါဝင်သည့် အဖွဲ့သည် ဇိုမီး အမျိုးသားပြန်လည် သွေးစည်း ညီညွတ်ရေးအဖွဲ့(ZRO) နှင့် မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေး တပ် မတော် (ZRA) မှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဦးဒယ်နီ က ဆက်၍ “မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ZRO ၊ ZRA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ထောက်ခံတဲ့ သဘော မျိုးပြောတယ်။ အကြမ်းမဖက်တဲ့နည်းနဲ့ ပြည်တွင်းကိုထိုးဖောက်ပြီး ပညာပေးမှုလုပ်တာကို ချီးမွမ်းပြောဆိုသွားတယ်”ဟု
ပြော သည်။

ဇိုမီး အမျိုးသား ပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဇိုမီး တော်လှန်ရေး တပ်မတော်ဆိုသည်မှာ အိန္ဒိယနိုင်ငံ မဏိပူရ်၊ မီဇိုရမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံ ချင်းတောင်တန်း ဒေသများတွင် နေထိုင်ကြသည့် ဇိုမီး တိုင်းရင်းသား မျိုးနွယ်စုများနေထိုင်ရာ ဒေသများကို ဇိုမီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ပေးရန် အိန္ဒိယ-မြန်မာ နှစ်
နိုင်ငံ အစိုးရများသို့ တောင်းဆိုလှုပ်ရှားနေသူများဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံအဖြစ်မှ သီးခြားနိုင်ငံများအဖြစ် ခွဲထွက်ကြရာတွင် ဇိုမီးတိုင်းရင်းသား မျိုးနွယ်စုများ အပါအ၀င် နာဂ၊ ကူကီး စသော တိုင်းရင်းသားများ နေထိုင်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသများမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံပိုင် ဒေသများအဖြစ် ပိုင်းခြားသွားရာမှ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့ ကိုယ်ပိုင်ဒေသများ ပျောက်ဆုံး သွားရခြင်းကြောင့် နှစ်ဘက် နိုင်ငံများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများကို အစဉ်တစိုက် တောင်းဆိုနေကြခြင်းဖြစ် သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အာသံ၊ မဏိပူရ်၊ နာဂ၊ ဇိုမီး စသည့် တိုင်းရင်းသားအဖွဲ့များ၏ ပြည်နယ် သီးခြားအုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေမှုများ ဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးအနေဖြင့် ယခုကဲ့သို့ ခွဲထွက်ရေး အဖွဲ့များ အခြေစိုက်ရာ ဒေသသို့ ကိုယ်တိုင်သွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ အိန္ဒိယ ခွဲထွက်ရေးကိစ္စများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက
ပြောဆို ကြသည်။

အိန္ဒိယ အခြေစိုက် နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးစောဆ က“အရင်တုန်းက ဒီလို အခြေ အနေမျိုး မရှိဘူး။ အခုက ၀န်ကြီးအဆင့်က ဒီလိုမျိုးလာတွေ့တယ်ဆိုတော့ တော်လှန်းရေး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ မလုပ် သည့်တိုင်အောင် ကောင်းမွန်တဲ့ ငြိမ်းချမ်းမှုဖြစ်စေချင်တဲ့ လက္ခဏာလို့ ကျနော်က နားလည်တယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မကြာမီနှစ်များအတွင်း ပြည်နယ်ခွဲထွက်ရေးပြဿနာများ ကင်းသောနိုင်ငံအဖြစ် ဦးတည်နေသောကြောင့် ဇိုမီးတိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းပါဝင်ရန် စည်းရုံးသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ့အရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိနိုင်ဘဲ ခွဲထွက်ရေးအဖွဲ့များအကြား ငြိမ်းချမ်းရေးရလိုခြင်းသာ ဖြစ်နိုင်
ကြောင်းလည်း ၎င်းက ဆိုသည်။

ဦးစောဆ က ဆက်လက်၍ “အိန္ဒိယကတော့ မြန်မာကို စီးပွားရေးအတွက်ပဲ အဓိကထား ဆက်ဆံတာဆိုတော့လေ၊ ဇိုမီးအဖွဲ့ထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါနေတယ်ဆိုပေမယ့် အခုခရီးစဉ်က မြန်မာ့အရေးနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးပေါ့။ အိန္ဒိယ-မြန် မာ နှစ်နိုင်ငံလုံးမှာက မြန်မာနိုင်ငံသားတွေရော အိန္ဒိယနိုင်ငံသားတွေရော ဒီလိုပဲ သွားလာနေထိုင်နေကြတာကို အားလုံးက နားလည် ထားကြတယ်”ဟု ပြောဆိုသည်။

Friday, January 22, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ
ရဲဘော်ဖိုးသံချောင်း


၂၀ ဇန်န၀ါရီ ၂၀၁၀


ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲပြောပြော နအဖနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက ပြဿနာဟာ အဓိကဆုံချက်ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်းအဖြစ်အပျက်တွေက အထင်းသားဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင်ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။ အထူးသဖြင့် ရွေးကောက်ပွဲဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားကကိစ္စဟာ ရှေ့တန်းတက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့နောက်ဆုံးအခြေအနေမှာ ဘောလုံးဟာ နအဖဘက်ရောက်နေတာပါ။ ရွှေဂုံတိုင်ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေရှိနေပါတယ်။ ပြည်သူလူထုကလည်း နအဖဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အာရုံစိုက်စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် နအဖဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေမရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှမရှိလေဟန်၊ ပေယျာလကံပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ်ခဲ့တာကို အားလုံးသတိထားလိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှမသိရတဲ့ ရသေ့ရှစ်သောင်းဇာတ်တခုဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြားမီဒီယာတွေထဲမှာပါ ဘယ်သူမှမှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင်ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစားမိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော်အစိုးရ လုပ်တာ တွေအပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေတင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလလက်ထက်တုန်းက နားကြားပြင်းကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆိုပြီး နေရာတကာမှာလွှင့်နေ၊ ဖွင့်နေတဲ့သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ်ပုံချနေကြတာ တွေ့နေရပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်ကသံသယရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရဘက်က ဒီသံသယတွေ ပျောက်သွားအောင်လုပ်ဖို့ တာဝန်မရှိဘူးလို့ မျက်စိစုံမှိတ်ငြင်းနေတာဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယရှိနေမှတော့ ငါ့ဘက်ကဘာမှမပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယရှိနေတဲ့လူတွေကို သံသယပျောက်သွားစေဖို့ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ကိစ္စတွေကတော့ သိပ်ကိုဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…

အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန်မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင်မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ်မိသူတွေကို ဖမ်းဆီးထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည်နိုင်ငံရေးရဲ့ အကြီးမားဆုံးအမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝမလျော်ညီတဲ့ ဘာစတီးအကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့မကုန်၊ ရေတွက်လို့မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေစိစစ်ရေးဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေစိစစ်ရေးဆိုတာ စစ် အုပ်ချုပ်မှုနဲ့အတူ ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မတိုင်မီတုန်းကတော့ စစ်အာဏာရှင်စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ဌာနဖွင့်ပြီး စာပေအနုပညာနဲ့ မီဒီယာလောကကို အမှောင်ရိပ်ကနေ မပြတ်စောင့်ကြည့်နေခဲ့ပါ တယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ်ကျတော့မှ ဗြောင်ရှေ့ကိုခုန်ထွက်လာပြီး စာပေစိစစ်ရေးဆိုတာကြီး ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေအနုပညာရှင်တွေအပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော်ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ်ပြောင်းတာ ဝါသနာပါပါဘိသနဲ့) ဆက်ရှိနေဦးမယ်ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့်အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုးအသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်းပစ်မှာလား၊ အကာအကွယ်ပေးမှာလား။ အခုကတည်းက အစိုးရပိုင်လုပ်ငန်းတွေထဲက ကောင်းတာတွေကိုရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင်စီးပွားရေးအဆောက်အအုံတွေအောက်ဆွဲထည့်၊ မကောင်းတဲ့လုပ်ငန်းတွေကို ချန်ထားလုပ်နေတာဟာ နောက်တက်မယ့်အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့်အစိုးရကို ငွေစက္ကူစက်ရုံတခုသာ အကောင်းချန်ထားပေးပြီး မင်းတို့ ဒါနဲပဲလုပ်စားကြပေရော့လို့ ပြောနေတဲ့အလားဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့်အချက်ကလေးတခုက အဲဒီရွေးကောက်ပွဲကြီးပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင်မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ်ရမ်းကားနေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက်နေရဦးမယ်၊ အရွေးခံရတဲ့အမတ်ကတောင် ကြောက်နေရဦးမယ်ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူလယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင်လယ်တွေကို အခမဲ့လုပ်ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ရပ်ဆိုင်းသွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဖွဲ့ထားတဲ့အစိုးရတရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူးဆိုတဲ့ အာမခံချက်ရှိပါသလား ဆိုတာပါပဲ။ မရှိဘူးမဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကိုအပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။

Saturday, November 28, 2009

နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ

အောင်ဇံ


အန်အယ်လ်ဒီဟာ မကြာသေးခင်ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အဖြစ်နဲ့ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့၊ နောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတကာ ကြပ်မတ်မှုတွေအောက်မှာကျင်းပဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီအာပီပီအဖွဲ့ဝင် တိုင်းရင်းသားပါတီများဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေကလည်း သူတို့သဘောထားတွေကို အသီးသီး ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီသဘောထား တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲပေးဖို့၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေး တွေကို ထည့်သွင်းပြဋ္ဌာန်းပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အကယ်၍ ပြင်ဆင်မပေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ သဘောထားထုတ်ပြန်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ စီအာပီပီရဲ့ ရပ်တည်ချက်လို့ပဲပြောပြော၊ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီများရဲ့ ရပ်တည်ချက်လို့ပဲဆိုဆို ဒီနေ့ နိုင်ငံရေးရပ်တည်ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ နအဖက တဖက်သတ် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျတဲ့ မူလည်းဖြစ်သလို လောလောဆယ်မှာရော၊ ကာလအတိုင်းအတာတခုအထိရော ဆုပ်ကိုင်ရပ်တည်ထားရမယ့် မူလည်းဖြစ်ပါတယ်။ ဒီတော့ အခု ဒီမူတွေရှိနေရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ ဒီမူတွေအပေါ် ရပ်တည်ပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ကျနော်တို့ ဘယ်လိုအခြေခံသွားမလဲ၊ ဒီမူတွေကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေဟာ အရေးကြီးသလို ဒီမူတွေကို အခိုင်အမာ ရပ်တည်ဆုပ်ကိုင်ဖို့၊ အလွယ်တကူမစွန့်လွှတ်မိဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ မူကို အလွယ်တကူ မစွန့်လွှတ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ နေရာတကာမှာ တရားသေ မဖြစ်သင့်၊ ပြောင်းလွယ်၊ ပြင်လွယ်ရှိရမယ်၊ Flexible ဖြစ်ရမယ်။ သို့သော် မူမဲ့ အခြေခံမဲ့ ပြောင်းတာမျိုး၊ မလိုအပ်ဘဲနဲ့ မူကို စွန့်တာမျိုးတွေကိုတော့ ရှောင်ဖို့လိုပါတယ်။ အကယ်၍ နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးလို့ အမျိုးသားရေးလုပ်ငန်းစဉ်တရပ်ကို ရပြီ၊ ဒီလုပ်ငန်းစဉ်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အနာဂတ်မှာ အကျိုးလည်းရှိပြီး သင့်မြတ်တဲ့ လုပ်ငန်းစဉ်တရပ်လည်းဖြစ်တယ် ဆိုရင်တော့ မလိုအပ်ဘဲ ဆုပ်ကိုင်ထားတဲ့ မူတွေကို စွန့်သင့်ရင် စွန့်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲမရှိ ထူးခြားမှုမရှိဘဲနဲ့ မူတွေကို အလွယ်တကူ စွန့်လွှတ်တာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဥပမာတခု တင်ပြပါရစေ။ န၀တ အစိုးရက အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့စဉ်က တိုင်းရင်းသားတပ်ပေါင်းစုမှာ ချမှတ်ထားတဲ့ မူတခုရှိပါတယ်။ အဲဒါက န၀တ အာဏာပိုင်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အခါကျရင် တပ်ပေါင်းစုအနေနဲ့ပဲတွေ့မယ်၊ တိုင်းရင်းသားပါတီများအနေနဲ့ တပါတီချင်း သီးခြားမတွေ့ဖို့ ဆိုပြီး တပ်ပေါင်းစုက မူတခုအနေနဲ့ ချမှတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒီမှာ န၀တ အာဏာပိုင်များဘက်ကလည်း တပ်ပေါင်းစုအနေနဲ့ဆိုရင် မတွေ့နိုင်ဘူး၊ တပါတီချင်းသာလျှင် သီးခြားစီတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုက တပ်ပေါင်းစုက ချမှတ်ထားတဲ့ မူကို ချိုးဖောက်စွန့်လွှတ်ပြီးတော့ န၀တနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ပေါင်းစုတခုမှာ အားလုံးသဘောတူပြီးချထားတဲ့ မူတခုကို တဖွဲ့တပါတီက ချိုးဖောက်ပြီးတော့ လုပ်တာမျိုးဟာ မူအားဖြင့်သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း မသင့်လျော်ဘူးလို့ မြင်ပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးရယူဖို့ တပါတီချင်း မဖြစ်မနေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုရင်တောင် တပ်ပေါင်းစုအစည်းအဝေးကို ပြန်လည်ခေါ်ယူပြီးတော့ အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ကို ချမှတ်ပြီး အဲဒီမူနဲ့အညီဘဲ လိုက်နာဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့်မို့လို့ စီအာပီပီမှာပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီမှာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီမှာပဲဖြစ်ဖြစ် ရပ်တည်ကိုင်စွဲထားတဲ့ မူတွေ၊ သဘောထားတွေရှိတယ်။ ဒီမူတွေကိုလည်း ပြင်လွယ်၊ ပြောင်းလွယ်၊ ဖြစ်ဖို့လိုပေမယ့် အကြောင်းမဲ့၊ အကျိုးမဲ့ မလိုအပ်ဘဲ မူကို စွန့်သွားတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ ဒါကို ဘာကြောင့်ပြောရသလဲဆို ဒီကနေ့ကာလဟာ အလွန်အရေးကြီးတဲ့ ကာလတခုရောက်နေပါပြီ။ အခုအချိန်မှာ အထူးသဖြင့် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် ဦးဆောင်ပါတီလို့ပဲပြောပြော မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream အဓိကပင်မရေစီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ အလွန်အရေးကြီးပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအလှည့်အပြောင်း၊ နိုင်ငံရေးအကွေ့အလှည့်တွေဟာ မြန်မာပြည်ရှေ့နိုင်ငံရေးအတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါတီဟာ တတိုင်းပြည်လုံးကို လွှမ်းခြုံထားတဲ့ ပါတီတခုဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုရထားတဲ့ ပါတီလည်းဖြစ်လို့ပါပဲ။

အခုဆိုရင် ကိုးကန့်ပါတီရဲ့အခြေအနေ၊ ၀ ပါတီရဲ့အနေအထား၊ နောက် ကချင်ပါတီရဲ့အခြေအနေတွေကို ကြားသိနေရပါတယ်။ ဒီပါတီတွေရဲ့ နိုင်ငံရေးအလှည့်အပြောင်း၊ ရပ်တည်ချက်တွေဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ အရေးပါတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေဟာ မြန်မာပြည်တခုလုံးရဲ့ နိုင်ငံရေးအတိုင်းအတာနဲ့ နှိုင်းစာမယ်ဆိုရင် အစိတ်အပိုင်းတခုသာဖြစ်တာကြောင့် သူတို့ရဲ့အလှည့်အပြောင်းဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိသာ သက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးအလှည့်အပြောင်း အကွေ့အလှည့်ကတော့ မြန်မာပြည်ရဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေးဘ၀တခုလုံးကို သက်ရောက်နိုင်တဲ့ အနေအထားတွေရှိပါတယ်။

ဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအတွက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးသဘောထားနဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံ့ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီနေ့ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း အန်အယ်လ်ဒီက ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ရပ်တည်နေပါတယ်။ အခုအချိန်မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ ယတိပြတ်မပြောသေးပေမယ့် ရှေ့မကြာတော့မယ့် ကာလ၊ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေ ထွက်လာတဲ့ အချိန်ကျရင် ပြည်သူတွေနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောရတော့မှာဖြစ်ပါတယ်။

အဲလိုပြောတဲ့နေရာမှာ အန်အယ်လ်ဒီရဲ့ ပြောဆိုထုတ်ပြန် ရပ်တည်ချက်ဟာ ပြတ်သားဖို့လိုသလို မှန်မှန်ကန်ကန် ပြောဆိုရပ်တည်ဖို့လည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream ပင်မရေစီးလည်းဖြစ်တယ်၊ ဒီမိုကရေစီတပ်ဦးလည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရထားတဲ့ ပါတီလည်းဖြစ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးသဘောထားရပ်တည်ချက်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်နဲ့ ပတ်သက်လို့ မူရှိနေရုံနဲ့မပြီးဘဲ အဲဒီမူကို အခြေခံပြီး ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ်ကိုချမှတ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်း မယိမ်းမယိုင် ရပ်တည်သွားဖို့ လိုပါတယ်။

နိုင်ငံရေးပါတီများရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးတလျှောက်မှာ ကျနော်တို့ မစွန့်ချင်ဘဲနဲ့ မူကို စွန့်ခဲ့ရတာတွေ ရှိပါတယ်။ ဒီနေရာမှာ ၉၀ ရွေးကောက်ပွဲကနေ စပြီးတော့ ပြောပါရစေ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားပါတီတချို့ဟာလည်း သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှာ ထိုက်သင့်သလောက် အနိုင်ရခဲ့ကြပါတယ်။

ဒါက ဘာကိုပြသလဲဆိုရင် ပြည်သူတွေဟာ (၂၆) နှစ်လုံးလုံး တပါတီအာဏာရှင်စနစ်အောက်မှာ လူ့အခွင့်အရေးတွေ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ လွတ်လပ်မှုမရှိ၊ ပြောခွင့်ဆိုခွင့်မရ၊ ဖိနှိပ်မှုတွေကို ကြိမ်မီးအုံးလို ခံခဲ့ရတယ်။ အဲဒီလို ခံခဲ့ရရုံသာမကဘဲ တိုင်းပြည်မွဲပြာကျပြီးတော့ ပြည်သူတွေဟာလည်း အတိဒုက္ခတွေ အမျိုးမျိုး ရောက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ၈၈ မှာ ဒီတပါတီအာဏာရှင်စနစ်ကို တွန်းလှန်ပြီးတဲ့အခါမှာ အန်အယ်လ်ဒီပါတီရယ်လို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီ အန်အယ်လ်ဒီဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်၊ စစ်အာဏာစနစ်အောက်က လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက အန်အယ်လ်ဒီကို ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီတွေကို ပြည်နယ်တွေမှာ မဲပေးခဲ့တာကလည်းပဲ လွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်လောက်သက်တမ်းမှာ တိုင်းရင်းသားတွေဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ဒီတိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲဒီတိုင်းရင်းသားပါတီတွေကို မဲပေးခဲ့တာဖြစ်ပါတယ်။

ဒီတော့ ၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ အဲဒီပါတီတွေကို ပြည်သူတွေက ထောက်ခံဆန္ဒမဲတွေ ပေးခဲ့တာကို ကောက်ချက်ချလိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေ ထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်ပေးဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မဲပေးခဲ့ကြတာပါ။ ထို့အတူ တိုင်းရင်းသားပါတီတွေကိုလည်း တိုင်းရင်းသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး မဲပေးခဲ့ကြတာပါ။ အကယ်၍ အန်အယ်လ်ဒီကသာ အနိုင်ရပါတီအနေနဲ့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လွှတ်တော်ခေါ်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ရယူခဲ့မယ်ဆိုရင် အခုလို အနှစ် (၂၀) ကာလမှာ ရွေးကောက်ပွဲ လေးကြိမ်ငါးကြိမ်လောက်လုပ်ပြီးတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရော ပြည်သူတွေပါ ဒီမိုကရေစီ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာပြီးတော့ တိုင်းပြည်ဟာလည်း ဘယ်နည်းနဲ့မဆို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံမဟုတ်တောင် အတော်အတန် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။

ထို့အတူပဲ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ နှီးနှောပြီးတော့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖော်ဆောင်ခဲ့မယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံထက် အများကြီးသာတဲ့၊ ပြီးတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်ထောင်စုစနစ်တရပ်ကို ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတာ ကျနော် လုံးဝယုံကြည်ပါတယ်။

ဒါပေမယ့် အခု ကံအကြာင်းမလှလို့ပဲ ဆိုရမလား၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တာနဲ့ စစ်အစိုးရဟာ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းပေးဖို့ တွန့်ဆုတ်သွားခဲ့ပြီး နောက်ပိုင်းမှာ အာဏာလွှဲပြောင်းရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို မပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြံဖန်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အကယ်၍ တစညသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ယခင့်ယခင်ကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် ခြယ်လှယ်လိုတဲ့ဆန္ဒ ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကြောင့်ပဲ ရွေးကောက်ပွဲကို မလွဲမရှောင်သာ လုပ်ပေးခဲ့ရသည့်တိုင် တစညပါတီ အနိုင်ရအောင် ပြုလုပ်ပြီး တစညပါတီကတဆင့် တိုင်းပြည်ကို ဆက်လက်စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

တစညပါတီဟာ တချိန်တုန်းက လမ်းစဉ်ပါတီက ပြောင်းလဲလာတဲ့ ပါတီဖြစ်ပါတယ်။ လမ်းစဉ်ပါတီမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေဆိုတာကလည်း တပ်က ပြောင်းလဲလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အကယ်၍ လမ်းစဉ်ပါတီတဖြစ်လဲ တစညပါတီသာ အာဏာရမယ်ဆိုရင် အဲဒီတပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆန္ဒကို သွယ်ဝိုက်တဲ့နည်းနဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် တစညအနိုင်ရရင်တော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းမှာဖြစ်ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညပါတီ မရှုမလှ အရေးနိမ့်ပြီး အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရလိုက်တဲ့ အချိန်ကစပြီးတော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ဆန္ဒ လုံးဝမရှိတော့ဘူးဆိုတာကို တွေ့ရပါတယ်။

ဒါတွေကို အထင်သက်သက်နဲ့ပြောတာ မဟုတ်ပါဘူး။ အထောက်အထား အချက်အလက်တွေနဲ့ ပြောတာပါ။ ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်လိုက်တာနဲ့ ဒါဟာ သိသာပါတယ်။ အဲဒီကြေညာချက်မှာ ၁၉၉၀ ရွေးကောက်ပွဲကြောင့် အာဏာသုံးရပ်ကို အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်ထားပါတယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ကို ၉၀ ရွေးကောက်ပွဲကြောင့် အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်လိုက်တာပါပဲ။ အဲလိုငြင်းပယ်လိုက်တာဟာ တနည်းနည်းနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းမပေးနိုင်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီတုန်းက ၁/ ၉၀ ကို အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေက သဘောတူလက်ခံခဲ့ကြသလား ဆိုတော့ လက်မခံကြပါဘူး။ လက်မခံပေမယ့်လည်း ၁/၉၀ ကို အမိန့်အာဏာကဲ့သို့ ထုတ်ပြန်ခဲ့တာကြောင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေဟာ မကြိုက်ပေမယ့် သဘောတူလက်မှတ်ထိုးခဲ့ရပါတယ်။ အဲလို သဘောတူလက်မှတ်ထိုးခဲ့တာဟာ အဲဒီနိုင်ငံရေးပါတီတွေအနေနဲ့ အာဏာလွှဲပြောင်းရေးကို စွန့်လွှတ်ခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၁/၉၀ ကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မျှော်လင့်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ဘာလဲဆိုလို့ရှိရင် အဲဒီ ၁/၉၀ ကြေညာချက် အပိုဒ် (၁၂) မှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ မှာဖော်ပြထားတဲ့ “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး န၀တအနေနဲ့ လွှတ်တော်ခေါ်ယူပေးမယ်လို့ အတည်ပြုဖော်ပြခဲ့တဲ့အချက်ပါ။ နောက်တချက်က လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချက်နှစ်ချက်ကို ကြည့်ပြီးတော့ အာဏာလွှဲပြောင်းမပေးသည့်တိုင် လွှတ်တော်ခေါ်ပေးရင် လွှတ်တော်မှာ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်၊ ဖွဲ့စည်းပုံအသစ်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ပြီးတော့ စိတ်သက်သာရာရခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်သက်သာရာရခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ လွှတ်တော်ခေါ်ပေးဖို့အစား စစ်အစိုးရဟာ အမျိုးသားညီလာခံဆိုတာကိုသာ ခေါ်ယူကျင်းပဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တကယ်တော့ ဒီအမျိုးသားညီလာခံဆိုတာကို ခေါ်ယူကျင်းပလိုက်တာဟာ လွှတ်တော်ခေါ်ယူရေးကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီမှာ နိုင်ငံရေးပါတီတွေက ညီလာခံတက်ရေး မတက်ရေးဆိုတာ ဖြစ်လာကြပါတယ်။ တချို့ကလည်းပဲ အဲဒီညီလာခံမှာ တိုင်းပြည်ရဲ့အမျိုးသားရေးကိစ္စတွေကို ဆွေးနွေးနိုင်လိမ့်မယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဖွဲ့စည်းပုံအခြေခဥပဒေထဲမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် သတ်သတ်မှတ်မှတ် ထည့်သွင်းဖော်ဆောင်ရေးအတွက် အမျိုးသားညီလာခံကို မဖြစ်မနေ တက်ရောက်ဆွေးနွေးရမယ်ဆိုတဲ့ သဘောထားဆန္ဒတွေ ရှိခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီတွေ အမျိုးသားညီလာခံကို တက်ခဲ့ကြတာဟာ တနည်းပြောရမယ်ဆိုရင် လွှတ်တော်ခေါ်ယူရေးကို စွန့်တယ်လို့ မပြောပေမယ့် လက်တွေ့မှာ စွန့်ခဲ့ကြတဲ့သဘောပဲ ဖြစ်ပါတယ်။ ညီလာခံမှာလည်း နိုင်ငံရေးပါတီတွေ မူလက မျှော်လင့်သလို၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သည် ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမည် ဆိုတဲ့ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အပိုဒ်တွေကို ဆွေးနွေးညှိနှိုင်း ပြောင်းလဲလို့ မရခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူ ၁၀၄ ချက်ကိုလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်း ရတာမျိုးလည်းမဟုတ်၊ မိမိတို့ကိုယ်တိုင် သဘောမတူဘဲနဲ့လည်း လက်ခံခဲ့ရပါတယ်။

နောက်တခါ အမျိုးသားညီလာခံဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ မူတွေကိုသာ ချမှတ်ရမှာ ဖြစ်ပေမယ့် နအဖက သူကိုယ်တိုင်ရေးဆွဲထားတဲ့ အသေးစိတ် အချက်အလက်တွေကိုပါ ချပြရေးဆွဲခဲ့ပါတယ်။ ချပြရေးဆွဲတဲ့ နေရာမှာလည်းပဲ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့တင်ပြချက်တွေကို အလေးအနက်ထား ဆွေးနွေးခွင့်မရဘဲ န၀တ/နအဖ အာဏာပိုင်တွေ ရေးဆွဲပြီးသား အချက်အလက်တွေကိုသာ အတည်ပြုပြဋ္ဌာန်းခဲ့ရတာ ဖြစ်ပါတယ်။ ဥပမာ - တိုင်းရင်းသားပါတီ (၁၃) ပါတီက ပြည်ထောင်စုမူအတွက် တင်ပြခဲ့တဲ့ အချက်တွေကိုလည်းပဲ ညီလာခံမှာ ဆွေးတောင်မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံတင်ပြီးတော့ ပယ်ချခဲ့ပါတယ်။ ဒါဟာ သာဓကတခုသာဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားညီလာခံမှာဆွေးနွေးဖို့ အစုအဖွဲ့ (၈) ဖွဲ့ ဖွဲ့ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီအထဲမှာ အစုအဖွဲ့အနေနဲ့ တဖွဲ့သာဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်သည်လို့ ၁/၉၀ မှာ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာတော့ တကယ်တမ်း နအဖက ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အချက်အလက်တွေကိုသာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူလက်ခံ အတည်ပြုပေးခဲ့ရတဲ့ အနေအထားမှာသာ ရှိခဲ့ရပါတယ်။ သဘောမတူလို့လည်း မရပါဘူး။ အစုအဖွဲ့အားဖြင့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တဖွဲ့၊ နိုင်ငံရေးပါတီက တဖွဲ့၊ နအဖက သူတို့အလိုကျ ခေါင်းခေါက်ရွေးထားတဲ့ အခြားအစုအဖွဲ့က (၆) ဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ခြောက်ဖွဲ့နှစ်ဖွဲ့၊ ခြောက်မဲ နှစ်မဲနဲ့ သူတို့သာ အမြဲတမ်း အသာစီးရနေအောင် စီမံထားတာလည်း ညီလာခံမှာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ မျှော်လင့်ခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ ၁/၉၀ အပိုဒ်ပါ အချက်ကိုပင်လျှင် ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ ဖြတ်သန်းလာခဲ့တဲ့ခရီးမှာ ကျနော်တို့ရဲ့ အခြေခံမူတွေကို မစွန့်ချင်ဘဲ စွန့်ခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲပါ။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုတာ အာဏာသုံးရပ်ကိုပိုင်စိုးတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလို အာဏာသုံးရပ်ကို ပိုင်စိုးတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီများ တောင်းဆိုတဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုချက်ဟာလည်း မှန်ကန်တဲ့ တောင်းဆိုချက်၊ မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့ မူလက ရပ်တည်တောင်းဆိုခဲ့တဲ့ အာဏာလွှဲပြောင်းရေး၊ လွှတ်တော်ခေါ်ယူရေး ဆိုတာတွေကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရပ်တည်ချက် သဘောထားတွေကိုပဲ ကျနော်တို့ ကိုင်စွဲခဲ့ရပါတော့တယ်။

ဒီနေရာမှာ အန်အယ်လ်ဒီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့  နိုင်ငံရေးမူ၊ နိုင်ငံရေးသဘောထား ရပ်တည်ချက်တွေဖြစ်သလို စီအာပီပီရဲ့မူ၊ စီအာပီပီရဲ့ ရပ်တည်ချက်လည်းဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီများရဲ့ သဘောထားနဲ့ ရပ်တည်ချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီမှာ ဒီရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်(၃)ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့်အတူ အဓိကကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဟာ ကျနော်တို့ ကိုင်စွဲရမယ့် သဘောထားဖြစ်ပါတယ်၊ မူလည်းဖြစ်ပါတယ်။

အဲဒီတော့ ဒီမူကို ကျနော်တို့က ဒီနေ့အချိန်အခါမှာ ဆုပ်ကိုင်ရပ်တည်ကြပေမယ့် မကြာခင်ကာလမှာ နအဖအစိုးရက နိုင်ငံရေးထိုးစစ်တရပ် ဆင်လာဖို့ရှိနေပါတယ်။ အဲဒီထိုးစစ်အတွက်လည်း သူတို့ဘက်က ပြင်ဆင်မှုတွေ အခင်းအကျင်းတွေ လုပ်နေပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ပြုလုပ်နေတာဖြစ်တယ်။ အထူးသဖြင့် မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နအဖရဲ့ ၀န်ကြီးချုပ်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့ တိုက်တွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ မကြာတော့မယ့် ကာလမှာ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲလိုကျင်းပတာဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပြီး ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရပ်တည်ကြတဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအရ နောက်ဆုံးထိုးစစ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲလိုအချိန်မှာ ကျနော်တို့က ဒီရွေးကောက်ပွဲအပေါ် ၀င်မယ်မ၀င်ဘူး ဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့ လိုလာပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီဟာ ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်။ အခုအချိန်အထိတော့ အန်အယ်လ်ဒီဟာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်နေဆဲပါ။ ဒါပေမယ့် နအဖကတော့ ကျနော်တို့ ရပ်တည်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ထဲက အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အခုအချိန်အထိ လိုက်လျောမယ့် အသွင်အပြင်လက္ခဏာဆိုလို့ တစိုးတစိမှ မမြင်တွေ့ရသေးပါဘူး။ အဲဒီတော့ အခုလိုအခြေအနေမျိုးမှာ ကျနော်တို့ ဘယ်လိုရပ်တည်ကြမလဲ။

တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက်၊ ဒီမိုကရေစီရေးဆောင်ရွက်ဖို့အတွက် ပါတီတည်ရှိနေဖို့လိုတယ်၊ ပါတီရှင်သန်ဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလံဖြူလေးထောင် (ပြည်သူတွေရဲ့ တကယ့်စစ်မှန်တဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး) ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို စွန့်လွှတ်စတေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှာလား၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ မူတွေကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ နောက်ဆုံး ခံစစ်ကြောင်းမှာပဲ ပြတ်ပြတ်သားသား ရပ်မလားဆိုတဲ့ ကျနော်တို့ ရွေးချယ်စရာ လမ်းနှစ်သွယ် ပေါ်လာပါတယ်။

အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ဘက်ကို ရွေးချယ်ပြီးတော့ စဉ်းစားကြရအောင်။ အကယ်၍ ရွေးကောက်ပွဲဝင်မယ်ဆိုရင် နအဖမှာ အာဏာရှိတယ်၊ ငွေရှိတယ်၊ လူရှိတယ်၊ နောက် ယန္တရားရှိတယ်။ ကျနော်တို့မှာ အာဏာမရှိ၊ ငွေမရှိ၊ လူအနေနဲ့ကတော့ ပြည်သူတွေရဲ့ အတော်အတန် ထောက်ခံမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ၉၀ တုန်းကလို ပြည်သူအားလုံးရဲ့ ထောက်ခံမှုရဖို့တော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ စိတ်ဓာတ်အခြေအနေဟာ ၉၀ ပြည့်နှစ် အခြေအနေတွေနဲ့ များစွာကွာခြားသွား ပြီဖြစ်လို့ပါ။ နောက်တခုက ကျနော်တို့မှာ ယန္တရားမရှိ။ အန်အယ်လ်ဒီဟာ အောက်ခြေအထိ ဖွဲ့စည်းတယ်ဆိုပေမယ့် ကျနော်တို့အဖွဲ့အစည်းဟာ တကယ်တမ်းပြောရရင် ခိုင်မာကျစ်လျစ်မှုမရှိတော့ပါဘူး။

အဲဒီလို အခြေအနေတွေမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များအနေနဲ့ ခလုတ်တံသင်းတွေ ထောင်ချောက်တွေ အများကြီးဖြတ်ကြရမယ်။ ရွေးကောက်ပွဲဥပဒေတွေနဲ့ အပယ်ခံရမှာတွေရှိသလို နောက်တချက်က ကိုယ်စားလှယ်တွေကို အမျိုးမျိုး အဟန့်အတားတွေ အနှောင့်အယှက်တွေ အန္တရာယ်တွေ မပေးဘူးလို့လည်း ဘယ်လိုမှ အာမ,မခံနိုင်ပါဘူး။ အဲဒီမှာ ကိုယ်စားလှယ်တွေ စောင့်နေတဲ့ကြားထဲက မဲလိမ်မှုတွေ၊ မဲခိုးမှုတွေ မဖြစ်နိုင်ဘူးလို့လည်း ကျနော်တို့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးတွေ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဘာသာရေးယုံကြည်ချက်အမြင်နဲ့ ဆက်စပ်နေတဲ့ ဆိုးရိုးစကားတခုကို တင်ပြချင်ပါတယ်။ အခုကာလဟာ သိကြားသာသနာ ဖြစ်တဲ့အတွက်ကြောင့် ကပ်ဆိုးဘေးဆိုးကြီးတွေနဲ့ ကြုံတွေ့ကြတော့မယ်။ အဲဒီကာလဆိုးနဲ့ ပတ်သက်ပြီး “ယက်သဲ့ကြား ငါးတင်၊ တင်တဲ့ငါး ကြောင်စား၊ ကျန်တဲ့ငါးမှ လွတ်” ဆိုတဲ့ ဆိုရိုးစကားပါ။ ထို့အတူပဲ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနဲ့လည်း စောစောက ထောင်ချောက်တွေ ခလုတ်တံသင်းတွေ ကျော်ဖြတ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် အနည်းစုသော အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ဘယ်လောက်များ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို အလေးအနက်စဉ်းစားဖို့ လိုပါတယ်။

နောက်တချက်က ပြန်လည်ပြင်ဆင်ဖို့ လုံးဝမဖြစ်နိုင်အောင် အသေအချာ စီမံရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ဘယ်လိုလုပ်ပြီးတော့ ပြင်ဆင်နိုင်မှာလဲ။ ဒါကြောင့်မို့လို့ အဲဒီလမ်းကြောင်းက သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းမှုတွေ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် အဲဒီလိုဝင်လိုက်ခြင်းအားဖြင့် ရနိုင်မယ့်အကျိုးအမြတ်က မရေရာပေမယ့် တဘက်မှာတော့ ပေးလိုက်ရမယ့် အရင်းနှီးတွေ ဆုံးရှုံးမှုတွေက အတိုင်းအဆမရှိ ပေါ်လာနိုင်တယ်။

ပထမဆုံးရှုံးမှုကတော့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ ဆန္ဒလည်းဖြစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံလည်းဖြစ်၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲအောင်လံတံခွန်လည်းဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ဆုံးရှုံးခံရမယ့်အရေးပါ။

ဒုတိယဆုံးရှုံးမှုကတော့ နအဖအုပ်စုက တိုင်းပြည်ကို ထာဝရ စိုးမိုးခြယ်လှယ်နိုင်ဖို့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှုတ်အားဖြင့်၊ သဘောတရားရေးအားဖြင့် မည်သို့သော ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲကို ၀င်လိုက်ခြင်းအားဖြင့် အဆိုပါ ဖွဲ့စည်းပုံဥပဒေကို ကာယကံမြောက် လက်ခံအတည်ပြုပေးလိုက်သလို ဖြစ်သွားမယ့်အရေးပါ။

တတိယအချက်ကတော့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီအင်အားစုတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရရဲ့ တရားဝင်ဖြစ်မှုဟာ ပိုမိုခိုင်မာသွားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြား အဲဒီ ၂၀၀၈ အခြေခံဥပဒေအရ ပုံပြောင်းထားတဲ့ စစ်အစိုးရအပေါ် ထားရှိရမယ့် သဘောထားနဲ့ ပတ်သက်လို့ အမြင်ရှုပ်ထွေးမှုတွေ၊ ၀ိဝါဒကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပြီး အဲဒီကတဆင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းကြောင်းမှာ ချည့်နဲ့အားနည်းမှုတေ၊ွ ထိခိုက်ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာနိုင်မယ့် အရေးပါ။

ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလမ်းထက်စာရင် စောစောကပြောသလို နအဖရဲ့ ၂၀၁၀ ထိုးစစ်ကို ကြံ့ကြံ့ခံရင်းနဲ့ မိမိရဲ့ခံစစ်ကြောင်းကို လုံအောင်ထိန်းပြီးတော့ ရွေးကောက်ပွဲမတိုင်မီမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်မယ်၊ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း ကျနော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ရပ်မယ်ဆိုရင် ကျနော်တို့ ရှေ့ကိုဆက်ပြီးတော့ နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှု လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဟိုဘက်ကာလမှာလည်း ကျနော်တို့ပြည်တွင်းမှာ အန်အယ်လ်ဒီနဲ့တကွ နိုင်ငံရေးပါတီတွေကို အပေးအယူ မလုပ်တဲ့အတွက်၊ မညှိနှိုင်းတဲ့အတွက်၊ မဆွေးနွေးတဲ့အတွက်၊ အမျိုးသားညီညွတ်မှုမရှိတဲ့အတွက် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ပါဘူး။ ထို့အတူ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခု ဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ကြားက နအဖအနေနဲ့ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပဆောင်ရွက်သွားမယ်ဆိုရင် ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲပြီးနောက် ဖြစ်ပေါ်လာမယ့် အစိုးရကိုသော်လည်းကောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်သလို ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း ရှိနေမှာပါ။

နောက်တချက်က တိုင်းရင်းသားများနဲ့ အခုလို အသွင်ကူးပြောင်းရေးကိစ္စတွေ၊ လက်နက်ရုပ်သိမ်းရေးကိစ္စတွေဟာ အခုအချိန်မှာ မပြေလည်သလို ၂၀၁၀ ရွေးကောက်ပွဲပြီးရင်လည်း ပြေလည်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံသလို တိုင်းရင်းသားငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း လက်မခံတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ အပြည့်အ၀ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို ပြည်တွင်းငြိမ်းချမ်းရေးမရှိ၊ ပြည်တွင်းမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နိုင်ငံဟာ ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလွန်မှ ခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတာကလည်းပဲ မလွယ်ကူတဲ့အတွက် ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပြည်သူတွေရဲ့တိုးတက်မှု မဖြစ်နိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း အမြဲတမ်းဆန့်ကျင်နေမှာဖြစ်ပါတယ်။

အဲဒီလိုကာလမှာ ကျနော်တို့နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ခံစစ်ကြောင်းကနေ နိုင်ငံရေးထိုးစစ်ကို ပြန်လည်ဆင်နွှဲပြီး ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီအားလုံး မိမိတို့ရဲ့ရပ်တည်ချက် မူတွေဟာ ပြင်လွယ်၊ ပြောင်းလွယ် Flexible ဖြစ်တယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ အကြောင်းမဲ့ မစွန့်လွှတ်ကြဖို့နဲ့ အခြေခံမူပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခေတ်ပြိုင်မှ ဖော်ပြသည်

Sunday, September 13, 2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်တဲ့ နယ်စပ်ဒေသ
ရဲဘော်ဖိုးသံချောင်း

၁၄ စက်တင်ဘာ ၂၀၀၉


ပြီးခဲ့တဲ့ကိုးကန့်အရေးအခင်းမှာ နအဖစစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ်ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေးခြိမ်းခြောက်လိုက်တာ ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အိမ်နီးနားချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများကိုလည်း ကြားလိုက်ကြရဲ့မဟုတ်လားလို့ မေးနေတဲ့အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့အထိ လုပ်လိုက်တာဟာ သူတို့စီစဉ်တဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်းတခုတည်းကြောင့်ပြောရင် နအဖစကားကို အလွယ်နဲ့ယုံကြည်ရာကျပါလိမ့်မယ်။ တကယ်က ဒီနေ့အပစ်ရပ်အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြားအဖွဲ့အစည်း ကြီးငယ်တွေ မနည်းရှိနေပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံကိစ္စဟာလည်း တော်တော်ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြစ် ပါတယ်။ တရုတ်ဗမာနယ်စပ်က တချို့ငြိမ်းအဖွဲ့အစည်းတွေမှာ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ်ဆိုတာကို နအဖ မသိတာမဟုတ်ပါဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း ဗြောင်သာထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကိုကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့်အချက်တခုက နဝတနဲ့ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေးဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်းမစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက်မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာအသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံပြုထားသလို ထောက်လှမ်းရေးအပါ စစ်တပ်တချို့ဟာလည်း ဒီလုပ်ငန်းတွေကိုမှီပြီး ဝင်ငွေကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ်ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖစစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ်ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခုဖြိုခွဲတိုက်ခိုက်တဲ့အခါမှာရော နအဖစစ်အစိုးရဟာ လားရှိုးမှာ မူးယစ်ဆေးဝါးရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာကမသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ်ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် တမင်ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာကျွေးမယ်လို့ ဖော်ပြလိုက်တာဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ်တိုက်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့အချက်တခုက ဒီကိစ္စဖြစ်ပေါ်တဲ့အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ထပ်ချတာတွေ ပြီးစီးသွားတဲ့နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်းမဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ်ညွှန်ကြားနေတဲ့အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ်တလှည့်၊ လက်နက်မကိုင်သူတွေတလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုးစမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါ တယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလားဖြစ်မလားဆိုပြီး လွယ်လွယ်စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ လမ်းပြမြေပုံအတွက် ခလုတ်ကန်သင်းမှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကိုလုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါလိမ့်မည်။ ရွေးကောက်ပွဲဆိုတာ အာဏာပြဿနာဖြစ်ပါတယ်။ နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူးဆိုတာ အားလုံးသိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာကားများအပါအဝင် အင်မတန်များပြားတဲ့တပ် ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင်ထားတယ်။ ခြိမ်းခြောက်ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ရာမှာ ဆိုင်းငံ့တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့တွေးမိတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့်နေရာယူပြီးဖြစ်နေတယ်။ ဒီလိုအနေအထားကိုမြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီးတခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထုဖိနှိပ်ရေးလှုပ်ရှားမှုကြီးတခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ်ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင်ကတိအာမခံချက် မဖြစ်အောင် တမင်လုပ်ထားတဲ့သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလားတို့ကိုသာတိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေသုံးမယ်” လို့ တရားမဝင်ပြောဆို သတင်းလွှင့်နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်” ဆိုတဲ့ လိပ်ခဲတည်းလည်းအနေအထားပဲ ထိန်းသိမ်းထား တာပါ။ အချိန်မရွေးချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်းခံစားမိနေပါတယ်။
နအဖစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံအမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နယ်ဆင်းစည်းရုံး တာတွေအပါ ခြေလှမ်းအမျိုးမျိုးကို ကြိတ်လှမ်းနေကြပါတယ်။ ပြည်တွင်းနိုင်ငံရေးကို အဓိကထားတယ်ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက်လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန်သဘောထားက ဘယ်လို၊ အာဆီယံသဘော ထားက ဘယ်လိုဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့သဘောထားကဘယ်လို၊ နအဖရဲ့အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့ကဘယ်လိုဆိုတာမျိုးကို တိတိပပစဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။